သုတေသန နှင့် မှတ်တမ်းများ

မှတ်တမ်းနှင့် သုတေသနဌာန လုပ်ငန်းစဉ်များ

အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဋ္ဌာနသည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အဓိက ရည်ရွယ်ချက်တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားအရေးနှင့် မြန်မာပြည်တွင်း၌ ဆက်လက် ဖြစ်ပေါ်လျက်ရှိသော လူအခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်ထားရန်အတွက် ဆောင်ရွက်နေသည့် ဋ္ဌာနတခုဖြစ်သည်။  မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများကို အစဉ်တစိုက် စောင့်ကြည့် လေ့လာနေရုံသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရမှုနှင့် အကျဉ်းထောင်အခြေအနေများ အပါအဝင် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများကိုလည်း စောင့်ကြည့်လျက်ရှိပါသည်။ 

ဌာန၏အဓိကတာဝန် နောက်ထပ်တခုမှာ နိုင်ငံရေးနှင့်ဆက်စပ်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်သားပြည်သူများ မည်မျှဖမ်းဆီးခံရသည်၊ ပြစ်ဒဏ်ချမှတ်ခံရသည်၊ လွတ်မြောက်သည်၊ သတ်ဖြတ်ခြင်းခံရသည်ဆိုသည့် နေ့စဉ်စာရင်းများအား ပြုစုပြီး အေအေပီပီ၏ Database တွင် ထုတ်ပြန်ခြင်းနှင့် ထိုစာရင်းများအား အပတ်စဉ်၊ လစဉ် အတိုးအလျှော့ စာရင်းသစ် များ ပြုစုခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ 

ထို့ပြင် အေအေပီပီသည် အာဏာသိမ်းပြီးကတည်းက နေ့စဉ်ထုတ်ပြန်ချက်အကျဉ်းချုပ်ကို ထုတ်ပြန်လျက်ရှိပြီး အဆိုပါ ထုတ်ပြန်ချက်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ တိုင်းနှင့်ပြည်နယ်အလိုက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထည့်သွင်း ဖော်ပြထားသည့်အပြင် စုစုပေါင်းဖမ်းဆီးခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားဦးရေ၊ ထိန်းသိမ်းခြင်းခံထားရဆဲ နိုင်ငံရေး အကျဉ်းသားဦးရေ၊ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဦးရေနှင့် စုစုပေါင်းသေဆုံးဦးရေတို့ကိုလည်း ဖော်ပြထား သည်။ 

၎င်းပြင် လစဉ်အချက်အလက် ဖော်ပြချက်စာစောင်၌လည်း အထက်ပါအရေအတွက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဖော်ပြထား သည့်အပြင် လစဉ်ထုတ်အနှစ်ချုပ်စာစောင်သည်လည်း နေ့စဉ်ထုတ်ပြန်ချက်ကဲ့သို့ပင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန် သော အမျိုးမျိုးသော ဖြစ်စဉ်တို့ကို မှတ်တမ်းပြုစု၍ စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ 

ထို့ပြင် အေအေပီပီ၏ သုံးလ တကြိမ် ထုတ်ပြန်သော အကြောင်းအရာအလိုက်အစီရင်ခံစာ၌လည်း အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများ အပေါ်ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်စဉ်များကို သုံးသပ်၍ ဖော်ပြထားသည်။

ထိုမျှသာမက ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုရှင်းလင်း တိကျစေရန် အတွက် အေအေပီပီ၏ ပြည်တွင်းကွန်ရက်များနှင့် ထပ်မံစစ်ဆေး အတည်ပြုလျက်ရှိသည်။ အေအေပီပီ၏ မှတ်တမ်နှင့် သုတေသနဌာနသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်သော အဓိကအရေးပါသည့် စာတမ်းများ ပြုစုကာ နိုင်ငံရေးအကျဉ်းသားအရေးလှုံ့ဆော်မှုများကိုလည်း စဉ်ဆက်မပျက် လုပ်ဆောင်လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်အတွက် ထောက်ခံကူညီ လုပ်ကိုင်ပေးနေကြသည့် နိုင်ငံတကာမှ သုတေသီများ၊ အကြံပေးပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ သတင်းထောက်များအား အေအေပီပီမှ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်၊ အဖိုးမဖြတ်နိုင်သော အကြံဉာဏ်ကောင်းများနှင့် သဘောထားအမြင်များကိုလည်း ဝေမျှပေးလျက်ရှိပါ သည်။

 

အကျဉ်းချုပ်အားဖြင့် မှတ်တမ်းနှင့် သုတေသနဌာန၏ လုပ်ဆောင်ချက်များကို အောက်တွင် စုစည်းဖော်ပြထားသည်။

  • နေ့စဉ်ထုတ်ပြန်ချက်ကို ရေးသား ထုတ်ပြန်ခြင်း၊
  • လစဉ် chronology ကို ရေးသား ထုတ်ပြန်ခြင်း၊
  • လစဉ် အဖမ်းအဆီးနှင့် သေဆုံး အချက်အလက်များ ဖော်ပြချက်စာစောင်ကို ထုတ်ပြန်ခြင်း၊
  • အကြမ်းဖက်စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အကြောင်းအရာအလိုက်အစီရင်ခံစာကို () တကြိမ် ထုတ်ပြန်ခြင်း၊
  • ဖမ်းဆီး၊ ပြစ်ဒဏ်ချ၊ လွတ်မြောက်နှင့် သေဆုံးစာရင်းများကို နေ့စဉ် Database ထုတ်ပြန်ခြင်း၊
  • နှစ်ပတ်လည် အစီရင်ခံစားများ ရေးသား ထုတ်ပြန်ခြင်း၊
  • နိုင်ငံရေးအကျဉ်းသားအရေးကိစ္စအား ထောက်ခံအားပေးရန်နှင့် တိုက်တွန်းလှုံ့ဆော်ရန်အတွက် မှတ်တမ်းများ ရေးသား ထုတ်ဝေခြင်း၊

သုတေသနစာတမ်းများ ရေးသားထုတ်ဝေခြင်း၊ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံတာအဖွဲ့အစည်းများ၏ စုံစမ်း မေးမြန်းမှု မေးခွန်းများကို ဖြေကြားပေးခြင်း။