စိတ်ကျန်းမာရေး အစီအစဉ်

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ်(MHAP)

MHAP၏ လုပ်ငန်းစဉ်များ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ် (MHAP)သည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်မှ စ၍ ထိုင်း-မြန်မာနယ်စပ်တွင် စတင် အကောင်အထည် ဖော်ခဲ့သည်။ 

ထိုအစီအစဉ်အတွက် အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၊ ဘလူးမ်ဘတ် ပြည်သူ့ကျန်းမာရေးကျောင်း (Johns Hopkins University, Bloomberg School of Public Health) မှ နည်းပညာ အကူအညီများ ရယူခဲ့ပါသည်။

MHAP သည် အကျဉ်းချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရခြင်း၊ သီးခြားခွဲထားခံခဲ့ရခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ကို သက်သာလျော့ပါးစေရန် အတွက် စိတ်လူမှုအထောက်အပံ့ပေးခြင်း၊ စိတ်ဒဏ်ရာဆိုင်ရာကောင်စဲလင်းပေးခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသူများ၊ ပဋိပက္ခ ကြုံတွေ့ခဲ့ရသူများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ကြရသူများအား အဓိက ကူညီပေးလျှက်ရှိသည်။ 

AAPP-MHAP သည် လူ့အခွင့်အရေး ကာကွယ်သူများ၊  ဒီမိုကရေစီ လိုလားသူများတွင် ခံစားရနိုင် သည့် စိတ်ဒဏ်ရာပြဿနာ၊ စိတ်ဖိစီးမှု၊ စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်မှု၊ စိတ်ဓာတ်ကျမှု၊ အရက်နှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် အခြားစိတ်ကျန်းမာရေး ဆိုင်ရာ ကိစ္စများအတွက် လိုအပ်သော စိတ်ကျန်းမာရေးအထောက်အကူပြုဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံတနံတလျားတွင် လူ့အခွင့်အရေး မြှင့်တင်ပေးခြင်း၊ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်အောင်ကူညီဆောင်ရွက်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ပေးခြင်း နှင့်တာဝန်ခံမှုရှိစေရေးတို့အတွက် ဆောင်ရွက်နေပါသည်။

 

ကူညီပေးနေသည့် လုပ်ငန်းဆောင်တာများ

MHAP သည် အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

  • စိတ်ဒဏ်ရာပြဿနာနှင့်ဆိုင်သော ကောင်စဲလင်းဝန်ဆောင်မှု (တဦးချင်းနှင့် အုပ်စုလိုက်)
  • စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိစေသော စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း
  • စိတ်ကျန်းမာရေးဆိုင်ရာ လူထုအလုပ်ရုံဆွေးနွေးပွဲများ
  • ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများလူမှုအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် တတ်စွမ်းသမျှ အကူအညီပေးခြင်း
  • စိတ်ကျန်းမာရေး ကောင်စယ်လာများကို လေ့ကျင့်မွေးထုတ်ပေးခြင်း တို့ ဖြစ်သည်။

မူဝါဒပိုင်းဆိုင်ရာ လှုံ့ဆော်တိုက်တွန်းမှု

ထို့ပြင် MHAP သည် လူထုအ‌ခြေပြုစိတ်ကျန်းမာရေးကောင်စဲလင်းဝန်ဆောင်မှုများကို အမျိုးသား ကျန်းမာရေး မူဝါဒတွင် ထည့်သွင်းနိုင်စေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်းများလုပ်ဆောင်လျှက် ရှိပါသည်။

 

MHAP နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် 

MHAP သည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင်လည်း ပါဝင်လုပ်ဆောင်နေသည်ဖြစ်ရာ

  • အသက်ရှင်ကျန်ရစ်ခဲ့သူများအနေဖြင့် တရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်စေရန် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
  • စိတ်ဒဏ်ရာများကိုကုစားခြင်းဖြင့် ဒီမိုကရေစီအရေးတွင်ပါဝင်မှုအားကောင်းစေရန်
  • ညှဉ်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်ရာတွင် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများကို ပါဝင်မှတ်တမ်းတင်ခြင်း
  • လူမှုအသိုင်းအဝိုင်းပြန်လည် တည်ဆောက်ရာတွင် ပြန်လည်ဝင်ဆံ့နိုင်ရန်အကူအညီပေးခြင်း တို့ကို ဆောင်ရွက်နေပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် MHAP သည် အသက်ရှင်ကျန်ရစ်သူများအတွက် ဂုဏ်သိက္ခာပြန်လည်ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနှင့် မျှော်လင့်ချက်များပြန်လည်ရရှိစေရန် ဆောင်ရွက်နေသော အစီအစဉ်တခု ဖြစ်ပါသည်။