ဥပဒေရေးရာများ

ထောက်ခံအားပေးမှုနှင့် တိုက်တွန်းလှုံ့ဆော်ခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မျှော်မှန်းချက်သည် “နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်း ပေးသော လွတ်လပ်သည့် ဖဒရယ်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဖြစ်လာစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကူညီပေးရန်” ဖြစ်သည်။ အကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများရှိနေသ၍ အမျိုးသားပြန်လည် သင့်မြတ်ရေး မဖြစ်နိုင်ဟု အေအေပီပီအနေဖြင့် စွဲမြဲစွာခံယူထားသည်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် ထိုမျှော်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားများ တွေ့ကြုံခံစားနေရသော အခြေအနေအရပ်ရပ်ကို ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများအား အလွယ်တကူ လက်လှမ်းမှီ သိရှိနားလည်စေနိုင်ရန်အတွက် မိမိတို့ စနစ်တကျ ကောက်ယူအတည်ပြုချက်ရယူထားသော စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ၊ သုတေသနပြုစာတမ်းများနှင့် အစီရင်ခံစာများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ Website, Facebook, နှင့် Twitter တို့မှတဆင့်ပုံမှန် ထုတ်ပြန်လျှက်ရှိသလို သက်ဆိုင်ရာလူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများသို့လည်း E-mail များမှတဆင့် တိုက်ရိုက်ပေးပို့ခြင်းတို့ကို အစဉ်တစိုက်လုပ်ဆောင်လျှက်ရှိပါသည်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် ၎င်းလုပ်ငန်းစဉ်များအပြင် ပြည်တွင်းနှင့် နိုင်ငံတကာရှိ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသိရှိနားလည်စေရန်အတွက် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအပေါ်အခြေခံ၍ အကြံပြုချက်များ ပေးခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခြင်း၊ အဓိက သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို လူတွေ့သော်လည်းကောင်း အွန်လိုင်းမှသော်လည်းကောင်း စဉ်ဆက်မပြတ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
 
ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာမှ အမြန်ဆုံး လုပ်ဆောင်ပေးရန် အောက်ပါအချက်များကို တောင်းဆိုအပ်ပါသည် –
·       သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိချက်ခြင်းလွှတ်ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်နိုင်စေရန်အတွက် ၎င်းတို့အား လွတ်လပ်စွာသွားလာနိုင်ခွင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရရှိရန်။
·       မြန်မာနိုင်ငံအနှံ့ လူအခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်နေသော မြန်မာစစ်တပ်၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၎င်းတို့ကိုအဘက်ဘက်မှအထောက်အပံ့ပေးနေသော လုပ်ငန်းရှင် (ခရိုနီ) များအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်အကောင်အထည်ဖော်ရန်။
·       မြန်မာပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ရန်ပြဋ္ဌာန်းထားသော ဥပဒေများကို ပြန်လည်ပြင်ဆင်ရန်နှင့် တရားစီရင်ရေးကို လက်နက်သဖွယ်အသုံးပြုနေခြင်းတို့ကိုရပ်တန့်ရန်။
·       ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်အခြေအနေများကို လွတ်လပ်စွာ စောင့်ကြည့်နိုင်ရန်။
·       အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်အတွက် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန်။
 
 
ကျွန်ုပ်တို့၏ advocacy ( တိုက်တွန်းလှုံ့ဆော်ခြင်း) သည် အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့မိသားစုဝင်များ၏ အသံများကို ဗဟိုပြုထားပြီး ၎င်းတို့၏ အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံတကာအနေဖြင့် မြန်မာအရေးအပေါ် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် ချိုးဖောက်သူများအား အရေးယူနိုင်ရန် လမ်းညွှန်ပေးနိုင်ကြောင်း တိကျခိုင်မာစေရန်ဖြစ်သည်။ ၎င်း Advocacy (တိုက်တွန်းလှုံ့ဆော်ခြင်း) မှတစ်ဆင့် AAPP သည် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတကာမှ မမေ့လျော့စေရန်၊ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို တိုက်ဖျက်ရန်နှင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် တရားမျှတမှုဆီသို့ ဦးတည်လျှောက်လှမ်းနေသော ရည်မှန်းချက်ကို ကမ္ဘာတဝှမ်းမှ ရှင်းလင်းပြတ်သားစွာ မြင်သာစေရန် လုပ်ဆောင်လျှက်ရှိနေပါသည်။